ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့
မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့
သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့
ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊
ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့
စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ
ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့
အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။
ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊
သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ
ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး
ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင်
ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု
ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့
ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။
လူဆိုတာက
ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ
ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊
ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး
ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ
ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက်
တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။
ဒါကြောင့်လည်း တစ်ခါတလေ “ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့
စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ်” ဆိုတာတွေ
ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊
စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ
ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။
ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့်
ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း
ဖြစ်ပါတယ်။
တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ
ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့
ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့
ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ
ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး
တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို
ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ
မမေ့ကြဖို့ လိုပါတယ်။
ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊
မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင်
ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး
မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက်
ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ
စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ
ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို
ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့်
ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့
ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ
တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။
ဆိုလိုတာက
ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ
မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့်
ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့
ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ
ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ “ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊
ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို
ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ” စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့
တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး
ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့
ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင်
မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ
စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ
ဖြစ်ပါတယ်။
ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး
အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊
ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး
အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့
ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ
ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။